လုပ်ငန်းအားလုံးအတွက် မားကတ်တင်းဘတ်ဂျတ် သတ်မှတ်ပုံ

နိဒါန်း 

Marketing တစ်ခုအောင်မြင်တယ် မအောင်မြင်ဘူးဆိုတာက မားကတ်တင်းဘတ်ဂျတ်သတ်မှတ်ရာကစတယ်..နည်းလွန်းသွားရင်လည်း မထိရောက်သလို များလွန်းတဲ့အခါမှာလည်း ဖြုန်းတီးရာရောက်တယ်…ဒီတော့ သင့်တင့်လျောက်ပတ်သော မားကတ်တင်းဘတ်ဂျတ်ချနည်းဟာ လိုအပ်လာပါတယ်…

ကျွန်တော့်အနေနဲ့ Marketing Consultant လုပ်ခဲ့တဲ့တစ်လျှောက်မှာ လုပ်ငန်းအသေးကနေစလို့ လုပ်ငန်းစုအကြီးတွေထိပါတဲ့အတွက် ကံကောင်းစွာနဲ့ပဲ ခုချိန်မှာပြန်လည်၀ေမျှလို့ရမယ့် အတွေ့အကြုံကောင်းတွေရှိနေတာဖြစ်ပါတယ်…

ဒါကြောင့် ဒီစာစုကိုအဆုံးထိဖတ်လိုက်မယ်ဆိုရင် SME လုပ်ငန်းကနေစလို့ ကော်ပိုရိတ်အကြီးများအထိ မားကတ်တင်းဘတ်ဂျတ်ချမှတ်တဲ့ပုံစံတစ်ခုကို လေ့လာခွင့်ရသွားမှာပဲဖြစ်ပါတယ်…

SME – ကန့်သတ်မှုများစွာနဲ့ အစွမ်းကုန်

ရလာဒ်လိုအပ်ခြင်း

SME တွေအနေနဲ့အရေးကြီးဆုံးကတော့ သုံးလိုက်တဲ့ပိုက်ဆံတစ်ပြားတစ်ခြပ်ချင်းစီဟာ ထိုက်တန်တာထက်တောင် ပြန်လည်ရရှိဖို့ဟာ မဟာ့ မဟာ ရည်မှန်းချက်ပါပဲ…ဒီတော့ မားကတ်တင်းဘတ်ဂျက် တွက်ချက်တဲ့အခါ အလွယ်ဆုံးနည်းကတော့ လိုချင်တဲ့ရောင်းအားငွေပမာဏကို အရင်တွက်ချက်တာပါပဲ…

ဆိုကြပါစို့…ကျွန်တော်တို့မှာရှိတဲ့ Product တွေအကုန်ရောင်းလိုက်မယ်ဆိုရင် သိန်း ၁၀၀ ရမယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ရဲ့ Revenue Amount ပါ…ဒါဆိုရင် မားကတ်တင်းဘတ်ဂျတ်ကိုစဥ်းစားတဲ့အခါ ရချင်တဲ့ သိန်း ၁၀၀ ရဲ့ ဘယ်လောက် % ကိုတော့ မားကတ်တင်းစရိတ်အဖြစ်သတ်မှတ်မလည်းဆိုတာကို စဥ်းစားရပါတယ်…

1% ပဲသုံးမယ်ဆိုရင် ၁ သိန်း 

10% သုံးမယ်ဆိုရင် ၁၀ သိန်း 

20% သုံးမယ်ဆိုရင် သိန်း ၂၀

ဒီနေရာမှာ ဘတ်ဂျတ်ဘယ်လောက် % သုံးသင့်တယ်ဆိုတာကို စဥ်းစားဖို့အချက်အလက်တွေကို ဒီစာစုရဲ့နောက်ဆုံးမှာ ဆက်ပြောပြပါမယ်…

SME လုပ်ငန်းတွေဖြစ်တဲ့အတွက် ဘတ်ဂျတ်နည်းနည်းနဲ့ ထိရောက်မယ့် မားကတ်တင်းနည်းစနစ်တွေကို အရင်ပြောပြချင်ပါတယ်…

Social Media Marketing ကို ကိုယ်တိုင်လေ့လာအသုံးပြုပါ…ဒီနေရာမှာ ကိုယ်တိုင်ဆိုတဲ့စကားလုံးဟာ ပိုင်ရှင်တွေကိုရည်ညွှန်းပါတယ်…မားကတ်တင်းဘတ်ဂျတ်ကိုတတ်နိုင်သမျှချုံ့ရမယ့်အခါမှာ ကိုယ်တိုင်က တတ်နိုင်သလောက် ၀င်ပြီးလုပ်တာဟာ အသက်သာဆုံးနည်းပါပဲ…

Content ကို ကိုယ်တိုင်ရေးလို့ရမယ်…ဖုန်းနဲ့ Video အတိုလေးတွေရိုက်လို့ရမယ်…မြန်မာပြည်မှာခေတ်စားတဲ့ Facebook, Instagram, TikTok အစရှိတဲ့ ၀ယ်သူတွေများများရှိနေမယ့် Platform တွေအကြောင်းကို ကောင်းကောင်းလေ့လာထားမယ်…ဒါဆိုရင် တခြားသူကိုပိုက်ဆံပေးရမယ့် ပမာဏတော်တော်လေးလျော့သွားတဲ့အတွက် ဘတ်ဂျတ်ကိုချုံ့နိုင်မှာဖြစ်သလို နောင်တချိန်လုပ်ငန်းကြီးလာလို့ သူများကို အခကြေးငွေနဲ့ပြန်အပ်တဲ့အခါ ဘယ်လို Guideline ပေးရမလဲ…ကိုယ်ဘာလိုချင်လဲဆိုတာကို သေချာသိနေမှာဖြစ်ပါတယ်…

SME တွေအနေနဲ့ ဘတ်ဂျတ်ချုံ့ချင်တယ်ဆိုရင် မဖြစ်မနေလေ့လာရမယ့်အရာက Content Marketing ပါ…Content Marketing ဆိုတာဟာ နှစ်ရှည်ပင်တွေစိုက်ပျိုးသလိုပဲ ချက်ချင်းလက်ငင်း အသီးအပွင့်တွေစားသုံးဖို့မလွယ်ကူပေမယ့် ကြာလေတန်ဖိုးရှိလေပါပဲ…ဘယ်လောက်အကျိုးအမြတ်ပြန်ရသလည်းဆိုတာကတော့ ကိုယ်က Audience ပေါ်မှာဘယ်လောက်ပေးခဲ့လည်းဆိုတာအပေါ်မူတည်ပါတယ်…တကယ်လို့များ သင်ဟာမားကတ်တင်းစရိတ်ကို အသက်သာဆုံးထိလျှော့ချချင်တယ်ဆိုရင် အခုကတည်းက Content Marketing ကို စလေ့လာပါ…စလုပ်ပါ…ကျွန်တော့်ရဲ့ Sai Lu Sharr ဆိုတဲ့ Youtube Channel မှာလည်း မကြာခင်  Content Marketing နဲ့ပတ်သတ်တဲ့ Podcast တွေလုပ်ပေးသွားမှာမလို့ Subscribe လုပ်ပြီးလည်း စောင့်ကြည့်နိုင်ပါတယ်…

Sai Lu Sharr’s Youtube Link : https://bit.ly/4dYqtrE

အလယ်အလတ်ဆိုဒ် လုပ်ငန်းများ – စမ်းသပ်ရှာဖွေခြင်းနှင့် ရေရှည်တည်ဆောက်နိုင်ခြင်းအစွမ်းအစ

အလယ်အလယ်ဆိုဒ်လုပ်ငန်းဖြစ်လာပြီဆိုရင် လုပ်ငန်းအငယ်တွေထက် ပိုပြီးပမာဏတစ်ခုပိုများပြီး သင့်တင့်တဲ့ဘတ်ဂျတ်တစ်ခုတော့ ရှိလာပါတယ်…သူတို့အနေနဲ့ကြုံတွေရတဲ့အခက်အခဲကတော့ ဘယ်နည်းဗျူဟာက အလုပ်ဖြစ်မလဲဆိုတာ မသိရတာပါ…ချမှတ်လိုက်တဲ့ဘတ်ဂျတ်က အလုပ်မဖြစ်ဘူးဆိုရင် အရံဆိုပြီးတော့လည်းထပ်မရှိတော့ပါဘူး…

ဒါကြောင့် Market ထဲမှာ ပိုပြီး ထင်ထင်ရှားရှားဖြစ်ဖို့ လူပိုမှတ်မိဖို့ စွဲလန်းနေဖို့ဆိုရင် သူများထက်ထူးခြားတဲ့ Creative တွေကိုသုံးရပါတယ်…တကယ်လို့များ  Creative မဖြစ်တဲ့ခပ်ရိုးရိုး Idea တွေပေါ်မှာသာ ဘတ်ဂျတ်တွေကို အသုံးပြုလိုက်မယ်ဆိုရင် လုပ်ငန်းကြီးတွေရဲ့ ကြီးမားလှတဲ့ ဘတ်ဂျတ်သုံးစွဲမှု လှိုင်းလုံးအောက်မှာ မြုပ်သွားမှာပဲဖြစ်ပါတယ်…

နောက်တစ်ချက်အနေနဲ့ကတော့ နည်းပညာရဲ့အကူအညီနဲ့ Marketing Automation တွေကိုစတင်သုံးစွဲဖို့စတင်လေ့လာသင့်တဲအချိန်ပါပဲ…ဥပမာဆိုရရင် ကျွန်တော်တို့ဟာ Content တစ်ပုဒ်တင်လိုက်တယ်…အဲ့ဒီ Content ရဲ့အောက်မှာ မန့်သွားတဲ့သူတိုင်းကို ကျွန်တော်တို့ရဲ့ Promotion ချထားတဲ့ အချက်အလက်ပါတဲ့စာကို တန်းပြီးရောက်သွားအောင် Auto လုပ်ထားမယ်…ရောက်လာသူတိုင်းကို Email Address တောင်းထားမယ်…နောက်တစ်ကြိမ် ကျွန်တော်တို့မှာ တစ်ခုခုအကြောင်းကြားစရာရှိတိုင်း ဒီကနေပြီးလူတွေကို ကလစ်တစ်ချက်တည်းနဲ့ပို့လိုက်မယ်…လူ ၃၀၀ ဆီကိုပို့လိုက်လို့ လူ ၁၀၀ က ဖွင့်ကြည့်ပြီး လူ ၃၀ က ၀ယ်သွားတယ်ဆိုလည်း ကျွန်တော်တို့အနေနဲ့  Conversion Rate တစ်ခုကိုတွက်လို့ရလာမယ်…

ဒီလိုလုပ်ဖို့ဆိုတာ ကျွန်တော်တို့အနေနဲ့ဒီဘက်ခေတ်မှာ Manychat နဲ့ MailChimp တို့လို Tools တွေကို  Youtube မှာလေ့လာလိုက်မယ်ဆိုရင်တောင် အလွယ်တကူရနေတဲ့အတွက် စတင်လေ့လာပါ…အလယ်အလတ်ဆိုဒ်လုပ်ငန်းဖြစ်လာပြီဖြစ်တဲ့အတွက် Paid Version ကို၀ယ်သုံးနိုင်တဲ့အနေအထားလည်း ရောက်လာပါပြီ…

ဒီ Level မှာ Creative နဲ့ Tools တွေအပေါ်မှာ ရင်းနှီးမြုပ်နှံဖို့ မနှမြောပါနဲ့…

လုပ်ငန်းအကြီးစားများ – ရလာဒ်ကောင်းများညှစ်ထုတ်ခြင်း

လုပ်ငန်းကြီးလာတဲ့အခါမှာ ငွေသုံးစွဲမှုအရွေ့တွေဟာ နည်းဗျူဟာကျကျ ချဥ်းကပ်ရပါတော့တယ်…တချို့နေရာတွေမှာ Pilot Project လို့ခေါ်တဲ့အစမ်းသပ်ခံပရောဂျက်တွေကို လုပ်ပြီးမှ ခြေလှမ်းတစ်လှမ်းကိုချရတဲ့အနေအထားတွေရှိလာပါတယ်…

ဘတ်ဂျတ် သိန်း ၃ ထောင်သုံးမယ့် ပရောဂျက်ကို အကုန်ပုံအောမသုံးခင် Idea တူမယ့် အသေးစားကမ်ပိန်း တစ်ခုမှာ သိန်း ၅၀ လောက်သုံးကြည့်လိုက်တယ်…မအောင်မြင်ဘူးဆိုရင် ဒီနေရာမှာရပ်လိုက်လို့ရတယ်…ဒါဆိုရင် သိန်း ၃ ထောင်လုံး “ပလုံ” မယ့် အရေးကနေလွတ်မြောက်နိုင်တာပေါ့…

လုပ်ငန်းကြီးလာတဲ့အခါ အရေးကြီးဆုံးလိုအပ်လာတဲ့အချက်ကတော့ Data ပါပဲ…ကိုယ့်လုပ်ငန်းရဲ့ဖြစ်ချင်တဲ့ Goals နဲ့ Objective ပေါ်မူတည်ပြီး ကစားရတာပဲလို့ဆိုရမယ်…ဒီအဆင့်မှာ Omnichannel  ကို လေ့လာဖို့လိုလာတယ်…ဘယ် Channel က လက်ရှိမှာအလုပ်ဖြစ်နေမလဲဆိုတာကို သိဖို့လိုအပ်လာတယ်…ကိုယ့်ရဲ့မားကတ်တင်း ဘတ်ဂျတ်ရဲ့ 60% ကိုတော့ အလုပ်အဖြစ်ဆုံး Channel မှာ သုံးမယ်…ကျန်တဲ့သာမန် Channel တွေကို 30% သုံးပြီး အလားအလာရှိတဲ့ Channel တွေကိုတော့ 10% လောက်ရံထားမယ့် အစရှိသဖြင့် မျိုးစေ့တွေလိုကြဲချလာရတယ်…ဒါတွေဟာ နံကြားထောက်ဆုံးဖြတ်ရတဲ့အရာတွေမဟုတ်ဘဲ Data ပေါ်ကြည့်ပြီးဆုံးဖြတ်ရတဲ့အရာတွေဖြစ်တယ်…

ဘာတွေနဲ့ထပ်ချိန်ညှိကြမလဲ

၁) လုပ်ငန်းရဲ့ Goals & Objective

၂) ကိုယ့်ရဲ့ Target Audience အနေအထား

၃) ပြိုင်ဘက်များရဲ့ ဘတ်ဂျတ်သုံးစွဲမှုအနေအထား

၄) ဘယ် Channel တွေကို ရင်းနှီးမြုပ်နှံမလဲ

၅) အရေးကြီးဆုံးဖြစ်တဲ့ အရောင်းဘယ်လောက်တက်လာနိုင်မလဲ

ဒီ ၅ ချက်ကို ကိုယ့်ရဲ့လုပ်ငန်းအနေအထားပေါ်မှာချိန်ထိုးပြီး ဆက်လက်ဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်…

နိဂုံး 

မားကတ်တင်းဘတ်ဂျတ်သတ်မှတ်တယ်ဆိုတာ လုပ်ငန်းတိုင်းအတွက်ကိုက်ညီတဲ့ ဖော်မြူလာရှိဖို့ဆိုတာ ခက်ခဲပါတယ်…ကိုယ်ရောက်နေတဲ့ မားကတ်အနေအထားနဲ့ ပြိုင်ဘက်အနေအထားပေါ်မူတည်ပြီး သုံးရတဲ့အခါရှိသလို ရနိုင်တဲ့ရောင်းအားကိုမြင်လို့ ရင်းပစ်လိုက်ရတဲ့အနေအထားတွေလည်းရှိပြန်ပါတယ်…

ဒါပေမယ့် အပေါ်ကအချက်တွေကိုသာ ချိန်ထိုးပြီးစဥ်းစားမယ်ဆိုရင်တော့ ဘယ်အနေအထားမှာ ဘယ်လိုစဥ်းစားရမယ်ဆိုတဲ့ အတွေးတစ်စ ရသွားမယ်လို့ ယုံကြည်ပါတယ်…

အဆုံးထိဖတ်ပေးသွားတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး အများကြီး တင်ရှိပါတယ်ခင်ဗျာ…

စိုင်းလူရှား 

Call Now Button
×