ဒီနေ့မှာတော့ ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ Branding စာအုပ် (၁၀)အုပ်လည်းဖြစ်တယ်…အကောင်းဆုံး Branding (၁၀) အုပ်လို့လည်း ဒီစာအုပ်တွေကိုသတ်မှတ်ထားကြတယ်…ဒီထဲက အနှစ်ချုပ်ကို ကျွန်တော်ပြန်ပြီးဖောက်သည်ချပေးချင်ပါတယ်။
ခုပြောမှာတွေကတော့ ဒီစာအုပ် (၁၀) အုပ်လုံးမှာ တူညီတဲ့အချက်တွေ၊ Highlight ဖြစ်လောက်တဲ့အချက်တွေထဲက ကျွန်တော်သတိပြုမိတဲ့အချက်တွေလို့ပြောလို့ရမယ်…ကျွန်တော်က Book Summary လုပ်တဲ့သူမဟုတ်တဲ့အတွက် ကျွန်တော်ပြန်ပြောပြသင့်တဲ့အချက်တွေကိုပဲ ထည့်သွင်းသွားမှာပါ။
ဘယ်စာအုပ်တွေလည်းဆိုရင်
- The Brand Gap by Marty Neumeier
- Start With Why by Simon Sinek
- Positioning: The Battle for Your Mind by Al Ries & Jack Trout
- Building a StoryBrand by Donald Miller
- Designing Brand Identity by Alina Wheeler
- Identity Designed: The Definitive Guide to Visual Branding by David Airey
- What Great Brands Do by Denise Lee Yohn
- The 22 Immutable Laws of Branding by Al Ries & Laura Ries
- Brand New: The Shape of Brands to Come by Wally Olins
- The Tipping Point by Malcolm Gladwell
၁) ဖြစ်ချင်တာကို အရှင်းလင်းဆုံးသိခြင်း
Branding လုပ်တဲ့အခါ မဖြစ်မနေမှတ်ယူရမယ့် သင်ခန်းစာတစ်ခုရှိပါတယ်…
“လူတိုင်းကြိုက်တဲ့အရာကို တစ်သက်လုံးမဖန်တီးနိုင်ပါ”
ဒုတိယဘုရားသခင်လို့တင်စားရတဲ့ ငွေကိုတောင် အဖက်မလုပ်ကြတဲ့လူတွေ ရှိပါတယ်…ဒါကြောင့် လူတိုင်းကြိုက်တဲ့အရာကို ဖန်တီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး…
ဒါကြောင့် Branding မှာ
- ကိုယ်က ဘယ်သူတွေကိုကြိုက်စေချင်လဲ
- ဘယ်သူတွေအတွက် ဘာလုပ်ပေးမှာလဲ
- ဘာကြောင့် ကိုယ့်ကို သူတို့က ရွေးချယ်ရမှာလဲ ဆိုတဲ့မေးခွန်းကို သေချာစီစစ်စွာမေးဖို့လိုပါတယ်…
ကိုယ်ဘာဖြစ်ချင်တာလဲ ဘယ်လိုပုံစံနဲ့ လူတွေကိုမှတ်မိစေချင်လဲဆိုတာကို သေသေချာချာ မေးခွန်းထုတ်ပါ…
၂) Why?
“People don’t buy what you do; they buy why you do it,”
Simon Sinek ရဲ့ Start with Why စာအုပ်ထဲက ကျွန်တော်ကြိုက်တဲ့စာသားပါ…
လူတွေကကျွန်တော်တို့ဖန်တီးထားတဲ့ ရုပ်၀တ္ထုတွေထက် ကျွန်တော်တို့ရဲ့တွေးခေါ်ပုံတွေ…တံဆိပ်ကပ်မှုတွေ…အထူးသဖြင့် စိတ်ခံစားချက်တွေကို၀ယ်တာပါ…
Nike ဆိုတာ သာမာန်ဖိနပ်တစ်ရံပဲ…Apple ဆိုတာ သာမာန်ဖုန်းတစ်လုံးပဲ…Coca Cola ဆိုတာ သာမန်အချိုရည်တစ်ပုလင်းပဲ…
တကယ်လို့များ Branding သေချာမလုပ်ခဲ့ဘူးဆိုရင်ပေါ့…
Branding သေချာလုပ်ခဲ့တဲ့အခါမှာတော့
- Nike ဆိုတာ ကြိုးစားချင်သူတို့အတွက် စီးစရာဖိနပ်ဖြစ်လာတယ်…
- Apple ဆိုတာ ကွဲထွက်ခြားနားတဲ့ ဖုန်းတစ်လုံးလို့ ကိုင်နေကြသူတွေ မြင်လာကြတယ်…
- Coca Cola ဆိုတာ ပျော်ရွှင်ခြင်းကိုပေးနိုင်တဲ့ အချိုရည်ဖြစ်လာတယ်…
၃) ကွဲပြားခြားနားခြင်း
စဥ်းစားကြည့်ရအောင်…
တီရှပ်အဖြူရောင်တွေပဲ၀တ်ထားတဲ့ခန်းမထဲကို အနီရောင်တီရှပ်တစ်ထည်၀တ်ထားတဲ့သူတစ်ယောက်၀င်ထိုင်တဲ့အခါ ထင်းနေတာဘယ်သူဖြစ်မလဲ…
Branding လောကမှာလည်း ဒီလိုပါပဲ…သူများနဲ့မတူအောင်လုပ်နိုင်မှ အာရုံစိုက်မှုရမှာပါ…
ကိုယ့် Brand က ဘယ်လိုပဲသေချာပြင်ဆင်ထားပါစေ…အာရုံစိုက်မှုရအောင် မလုပ်ထားဘူးဆိုရင် အလှတွေပြင်ထားပြီး အိမ်ထဲမှာပဲနေရသလိုဖြစ်နေမှာပဲ…
ကွဲပြားတယ်ဆိုတဲ့နေရာမှာ တစ်ခုထည့်ပြောစရာရှိတာကတော့ ကိုယ့် Brand’s DNA နဲ့ လိုက်ဖက်မှုရှိဖို့ပါပဲ…မလိုက်ဖက်ဘဲ လျှောက်လုပ်နေခြင်းက ခေါင်းစဥ်တစ်ခုတပ်ခံရနိုင်ပါတယ်…
“ပေါတောတော Brand”
၄) လူသားဆန်စွာ ခံစားမှုပေးနိုင်ခြင်း
အမေရိကန်လူမျိုးတစ်ယောက်…နှုတ်ခမ်းမွှေးတွေကလည်း အရှည်ကြီးပဲ…Cowboy ဦးထုပ်ကိုလည်းဆောင်းထားတယ်…ဒီလိုမျိုးမျက်လုံးထဲမြင်ယောင်လာတဲ့ အရက်ပုလင်းဆိုရင် ဘယ်ပုလင်းကို ပြေးမြင်လဲ…
ကျွန်တော်က Jack Daniel ကို ပြေးမြင်တယ်…
Suit ကို ကျကျနန ၀တ်ထားပြီး ဆံပင်ကိုသေချာကျော့နေအောင် ဖီးထားတဲ့ ဘဲတစ်ဘွေ…နှုတ်ခမ်းမွှေး မှုတ်ဆိတ်မွှေးတွေကို သေချာရိတ်ထားတယ်…တိုက်ထားတဲ့ဖိနပ် လယ်သာအမဲရောင်ပြောင်လက်နေတဲ့အတွက် ထိပ်မှာ ရောင်ပြန်လေးတောင်ဟပ်နေသေးတယ်…ဒီလို Character တွေနဲ့ ကားတစ်စီးလို့ပြောရင် ဘယ်ကားကိုပြေးမြင်လဲ…
ကျွန်တော်ကတော့ Marcedes ကားကို ပြေးမြင်တယ်…
Brand တွေကိုပုံဖော်တဲ့အခါ သူ့ရဲ့ လူသားဆန်ဆန် ဇာတ်ကောင်တွေရှိတယ်…မျက်စိမှိတ်ပြီးပုံဖော်ကြည့်လိုက်တာနဲ့မြင်နေတာမျိုး…ဒါကြောင့် Brand တစ်ခုတည်ဆောက်တဲ့အခါ လူတွေဘယ်လိုမြင်စေချင်လဲဆိုတဲ့ ပုံရိပ်ကိုအရင်ပုံဖော်ကြည့်ပါ…
၅) Research! Research! Research!
Branding တည်ဆောက်တယ်ဆိုတာ ငွေကြေးကုန်ကျမှုတွေရှိတယ်…ဒီတော့ လုပ်ကြည့်လိုက်မယ်လေဆိုပြီး မရဘူး…ငွေတွေအလကားဖြုန်းနိုင်ရင်တော့ ဘာမှမဖြစ်ပေမယ့် လုပ်ငန်းတွေမှာ ဘတ်ဂျတ်အတိအကျနဲ့ လောက်အောင်သုံးရတာဖြစ်တဲ့ အတွက် ရမ်းသမ်းလုပ်လို့မရပြန်ဘူး…
လူတွေကိုဘယ်လိုမြင်စေချင်တယ်ဆိုတာ ဆုံးဖြတ်ပြီးရင် လူတွေကိုလေ့လာရတယ်…မလေ့လာတဲ့အခါ ကိုယ်မှန်းထားတာနဲ့ တလွဲတွေကိုချပြတတ်တယ်…Communication တွေမှားတတ်တယ်…
ကျွန်တော်တို့ Campaign အကြီးကြီးတွေလုပ်တဲ့အခါ တကယ့်အပြင်ကို Launching မလုပ်ခင် လူအုပ်စုတစ်စုကို စမ်းသပ်ကြည့်ခဲ့တဲ့အခါတွေရှိတယ်…စိတ်၀င်စားစရာကောင်းတာက တခါတရံကိုယ်တွေတွေးတာနဲ့ လူတွေတကယ်တမ်းတွေးတာက ကွဲပြားနေတတ်တာပဲ…
တစ်ခါတုန်းက စျေးကွက်ထဲကို မဖောက်ခင် အရင် Resarch လုပ်ကြတယ်…Brand ဘက်က လက်ဆောင်တွေပေးမယ်လို့ စဥ်းစားခဲ့ပေမယ့် သူ့ရဲ့ Audience ကကျတော့ လက်ဆောင်ပေးတယ်ဆိုတာဟာ Product Quality လျော့တယ်လို့သတ်မှတ်တယ်တဲ့…ဘာကြောင့်လဲဆိုတော့ Product ရဲ့ စျေးနှုန်းပေါ်မှာ လက်ဆောင်ဖိုးကိုပါ ထည့်ပေါင်းထားတာမလို့ Quality လျော့သွားမယ်လို့ထင်တယ်ဆိုတဲ့ Product Line တစ်ခုကို ကြုံဖူးတယ်…
Research မလုပ်ခဲ့ဘဲနဲ့သာ လက်ဆောင်တွေသွားပေးမိရင် လက်ဆောင်ဖိုးလည်းကုန် အကျိုးလည်းမရှိနဲ့ မိအေး (၂) ခါ နာဖြစ်ဦးမယ်…
၆) တင်ဆက်မှု
လူတွေမှာ အာရုံ (၅) ပါးရှိတယ်…
- အမြင်
- အကြား
- အနံ့
- အရသာ
- အထိအတွေ့
Brand တော်တော်များများရဲ့ ပထမဆုံးခံစားရမှုကတော့ အမြင်ဖြစ်ဖို့များပါတယ်…
ဒါကြောင့်လည်း Brand Guideline တစ်ခုဆွဲတဲ့အခါ အများဆုံးပြင်ဆင်ကြတဲ့အပိုင်းကတော့ အမြင်ပိုင်းပါပဲ…ဒီနေရာမှာ ကိုယ့်ရဲ့ Product/Service ပေါ်မူတည်ပြီးတော့ စဥ်းစားရတာပဲ…
စဥ်းစားတဲ့အခါမှာ အကြမ်းဖျင်းအားဖြင့် ဒီအောက်ကအချက်တွေပေါ်မူတည်ပြီးစဥ်းစားလို့ရပါတယ်…
- အရောင်ကို ဘယ်အရောင်တွေထားမယ်
- ဖောင့်ကို ဘယ်အရောင်ထားမယ်နဲ့ ဘယ်ဆိုဒ်ပဲထားမယ်
- ပုံတွေရဲ့ Guideline
- Logo ကို ဘယ်နေရာမှာ ဘယ်အရောင်သုံးပြီး ဘယ်ဆိုဒ်ပဲထားမယ်
- Tone of Voice ကို ဘယ်ပုံစံနဲ့သတ်မှတ်မယ်
- Brand ရဲ့ Vision နဲ့ Mission
- Brand ရဲ့ Core Values က ဘာတွေလဲ
ဒါကြောင့်ကိုယ့် Brand ကို လူတွေရဲ့ရှေ့ကို ဘယ်လိုတင်ဆက်ပြသမလဲဆိုတာကို စာရွက်တစ်ရွက်ယူပြီး ဒီ အချက်တွေကိုချရေးကြည့်ပါ…
၇) များများမြင်ဖို့လိုတယ်
များတယ်ဆိုတဲ့နေရာမှာ (၂) ပိုင်းရှိတယ်
လူများများမြင်တာနဲ့ အကြိမ်ရေများများမြင်တာ…
(၂) ခုလုံးက သူ့နေရာနဲ့သူအရေးကြီးတယ်…
Pipeline လို့ခေါ်လေ့ရှိတယ်…အ၀ကျယ်ကျယ်နဲ့ အောက်ကိုရှုးသွားတဲ့ ကတော့ ပုံစံပေါ့…
ထိပ်ပိုင်းမှာ လူများများမြင်လေ အောက်ဆုံးပိုင်းမှာ ၀ယ်ဖို့လူများလေလို့ဆိုရမယ်…ဒီနေရာမှာ Market Size ပေါ်တော့မူတည်ပြီး Awareness အရေအတွက်လည်း ကွာလိမ့်မယ်…
ကြားဖူးတဲ့အဆိုအရဆိုရင် လူတစ်ယောက်ဟာ အကြိမ် (၂၀၀) ကြားရ မြင်ရတော့မှ အရာတစ်ခုကို အမြဲမှတ်မိတယ်တဲ့…ဒါတောင် လူပေါ်မူတည်ပြီး မေ့တတ်ကြတာရှိသေးတယ်ဆိုပဲ…ဒါကြောင့် ကိုယ့် Brand ကို မေ့မသွားအောင် မြင်နေရအောင် Plan တစ်ခုနဲ့သွားနေဖို့တကယ်လိုအပ်တယ်…
၈) ရေရှည်ခရီး
Heineken နဲ့ Kohler Co. တို့ကနှစ် (၁၅၀) ပြည့်ခဲ့ပြီးတဲ့ Brand တွေပါ…သူတို့က အခုနောက်ထပ် နှစ် (၁၅၀) အထိဆက်သွားဖို့ ကတိပြုထားတယ်…
လွန်ခဲ့တဲ့နှစ် (၁၅၀) တုန်းကလည်း ခင်ဗျားတို့ ကျွန်တော်တို့မမွေးသေးဘူး…နောက်နှစ် (၁၅၀) မှာလည်း ကျွန်တော်တို့ရှိနေဦးမယ်လို့မသေချာဘူး..
Brand ဆိုတာအဲ့လိုပါပဲ…ကျွန်တော်တို့ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆက်သွားနိုင်မှ Brand တစ်ခုဖြစ်လာမှာပါ…
“ခေတ်တိုင်းကိုကျော်ဖြတ်နိုင်မှ Brand ဖြစ်မယ်”
၉) နည်းပညာနဲ့ပုံရိပ်တည်ဆောက်ခြင်း
နည်းပညာတိုးတက်လာတာနဲ့အမျှ လူတွေရဲ့တွေးခေါ်ပြုမူပုံတွေဟာ ပြောင်းလဲလာလိမ့်မယ်…ဒါဟာ အနာဂါတ်ဖြစ်လာမယ်ဆိုတာ ငြင်းစရာရှိမယ်မထင်ဘူး…ဒါကြောင့် ကိုယ့် Brand ကို နည်းပညာနဲ့ဘယ်လိုတွဲစပ်ရမလည်းဆိုတာ စဥ်းစားသင့်လာတယ်…လေ့လာသင့်တယ်…
ခုဆိုရင် AI က အားလုံးအတွက် အစလို့ပြောလို့ရလာတယ်…အခုထဲကစပြီးမလေ့လာထားရင် အနာဂါတ်မှာ ကိုယ့် Brand က နောက်ကောက်ကျလာလိမ့်မယ်…
နောက်တစ်ခုက လုပ်ငန်းအလယ်အလတ်လောက်က စပြီး Website တစ်ခုမရှိထားရင် အနာဂါတ်မှာပြတ်ကျန်ခဲ့ဖို့ရှိတယ်…ကျွန်တော်တို့ Meggarative Marketing Group မှာလည်း အခုတလော အလုပ် လုပ်ပေးရဆုံးက Website/App လို့ပြောရမယ်…တကယ်တမ်း International နဲ့ ဆက်ဆံတဲ့အခါ ကိုယ်ပိုင် Domain Name နဲ့ Email မရှိတာတို့ Website မရှိတာတို့ဟာ Branding ကို ထိခိုက်စေတယ်…
၁၀) Product
အပေါ်ကပြောသွားတဲ့အချက်တွေကို ဘယ်လောက်ပဲမိုးပျံအောင်လုပ်ပြနိုင်ပါစေ…တကယ့် Product မကောင်းဘူးဆိုရင်တော့ Branding ဆောက်မယ့်ပိုက်ဆံတွေအကုန် မုန့်၀ယ်စားလိုက်တာက ဗိုက်၀ပါလိမ့်မယ်…
Brand တစ်ခုတည်ဆောက်တဲ့နေရာမှာ တကယ်ကောင်းတဲ့ Product က အောက်ခြေအုတ်မြစ်ပါ…ဒီအောက်ခြေအုတ်မြစ်ကြီးမကောင်းတဲ့အခါ အပေါ်ကိုတက်လေလေ ယိုင်နဲ့နဲ့တိုက်ကြီးဖြစ်လေပါပဲ…
အားလုံးပဲ အောက်ခြေခိုင်ပြီး အာကာသထိ ထိုးထွက်နိုင်တဲ့ Branding များ တည်ဆောက်နိုင်ကြပါစေ…
အဆုံးထိ ဖတ်သွားသူ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးများစွာ တင်ရှိပါတယ်…
စိုင်းလူရှား
Meggarative Marketing Group
ဆင်ပေါက်ဖိနပ် – ၁၉၆၀