Free Knowledge · Thinking
AI ခေတ်မှာ လူ ၃ မျိုးပဲ ကျန်မယ်
တစ်ရက်က ဆောင်းပါးတစ်ပုဒ်ဖတ်ရင်း သူပြောတဲ့ အယူအဆကို ကျွန်တော်လည်းသဘောကျတယ်။
အနာဂါတ်မှာ AI သုံးတဲ့ လူ ၃ မျိုးပဲကျန်မယ်…
အဲ့ဒါကို ဒီရက်ထဲ ကျွန်တော်လည်းတွေးမိနေတာ…
ဒီတော့ ကိုယ့်ရဲ့ အမြင်နဲ့ သူ့ရဲ့ အမြင် ၂ ခုကိုပေါင်းပြီး ဒီတစ်ပတ်ရဲ့ Free Guide မှာ ထည့်ဖို့ အကြံရသွားတော့တာပဲ။
AI ခေတ်မှာ လူတိုင်းကတော့ အဆင်ပြေမှာမဟုတ်ဘူး။ ဒါကိုတော့ ပွင့်ပွင့်လင်းလင်း ကြိုပြောထားရမယ်။
AI ကြောင့် အလုပ်ပြုတ်သွားသူတွေ၊ အစားထိုးခံလိုက်ရသူတွေဆိုတာ တဖြည်းဖြည်းနဲ့ ရှိလာမှာပဲ။
ဒါမျိုးက အရင်တုန်းက ဘုရားပေါ်မှာ ကင်မရာရိုက်တဲ့သူတွေ Smart ဖုန်းတွေပေါ်လာတော့ အလုပ်ပါးသလို ခေတ်တိုင်းမှာ ရှိခဲ့တာပါပဲ။
Dotcom Booming ဖြစ်တော့ Amazon လို ဒိတ်ဒိတ်ကြဲအပြောင်းအလဲတွေဖြစ်ခဲ့သလို အခု AI ကြောင့် တစ်ယောက်တည်း Business လုပ်ပြီး မီလီယျံတန်တဲ့ Company တွေလည်း ပေါ်လာပြန်တယ်။
ဒါဆိုရင် AI က သုံးတတ်သူနဲ့ မသုံးတတ်သူကြားမှာ ဘယ်လောက်ကွာခြားလည်းဆိုတာ ခပ်ပါးပါးသဘောပေါက်မိမှာပါ။
“လူသားတွေရဲ့ တီထွင်မှု၊ သိလိုမှု နဲ့ ဖန်တီးနိုင်စွမ်းတွေ တဖန်နိုးထလာတဲ့ ခေတ်ကိုရောက်လာပါပြီ”
အဲ့ခေတ်ကြီးမှာ ကျန်ခဲ့မယ့် လူ ၃ မျိုးကို ကြည့်လိုက်ရအောင်။
၁) ရှေးထုံးမပယ်သော လူသားများ
တလောက ဂျာမန်သူငယ်ချင်းနဲ့ စကားပြောဖြစ်တော့ သူတို့ ဂျာမနီမှာ လူငယ်တွေ လက်သမား ပညာပြန်သင်နေကြတယ်တဲ့။ AI အစားထိုးလို့မရတဲ့ အလုပ်ဆိုပြီးတော့…
ဒီလိုလူတွေက AI ကို လက်မခံချင်ကြဘူး။
Screen Time တွေကို လျှော့ချမယ်။
နည်းပညာကင်းတဲ့ လူနေမှုဘ၀ကို ပြန်သွားချင်မယ်။
ရိုးရှင်းတဲ့ဘဝကို နေမယ်။
တခါတလေတော့လည်း ဒီလိုနေထိုင်တာက ကောင်းပါတယ်။
ဒါပေမယ့် ပြဿနာက AI ဆိုတာက နေ့စဥ်ဘ၀ထဲက ပျောက်သွားမယ့်အရာမဟုတ်တော့ဘူး။
အလုပ်မှာ AI ကို သုံးလာရမယ်။
သင်ကြားရေးမှာ AI တွေ ပါလာမယ်။
AI နဲ့ လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်လာမယ်။
တဖြည်းဖြည်းနဲ့ ဒါက Culture တစ်ခုဖြစ်လာမယ်။
AI ကို မကြိုက်ဘူးကွာလို့ငြင်းနေတာထက်
AI က ခင်ဗျားဘ၀ကို ဘယ်လောက်ပြောင်းလဲနေပြီဆိုတာကို ငြင်းနေတာ ဖြစ်နိုင်တယ်။
၂) AI ကိုးကွယ်သူ
ဒီလူတွေကတော့ ဆန့်ကျင်ဘက်ပဲ။
AI ကို လုံးဝလက်ခံတယ်။
Tool တစ်ခုတွေ့ရင် သုံးတယ်။
Workflow တစ်ခုတွေ့ရင် Automate လုပ်တယ်။
တလောက ဘာဆေးသောက်ရမလဲဆိုတာ AI ကို မေးပြီး AI က ဖြေတာပဲသောက်တယ်ဆိုတဲ့သူကိုတောင် တွေ့လိုက်ရသေးတယ်။
ဒီလိုလူတွေက သူတို့ရဲ့ဘဝကို AI က စဉ်းစားပေးနေပြီး သူတို့က AI ရဲ့ Output ကိုပဲ Approve လုပ်ပေးနေတဲ့အခြေအနေ ရောက်သွားတယ်။
ဒါက Efficiency မဟုတ်တော့ဘူး။
Dependency ဖြစ်လာတာ။
AI က ခင်ဗျားအတွက် ခပ်မြန်မြန်စဥ်းစားပေးနိုင်ပေမယ့် ကိုယ့်အတွက် ဘာကအရေးကြီးတယ်ဆိုတာကိုတော့ ကိုယ့်လောက်ဘယ်သူမှမသိဘူး။
AI က Idea တစ်ထောင်ပေးနိုင်တယ်။
ဒါပေမယ့် ဘယ် Idea ကို ရွေးမလဲဆိုတာက Human Judgment ပါ။
AI က Content ရေးပေးနိုင်တယ်။
ဒါပေမယ့် ဘာကို ပြောသင့်တယ်၊ ဘာကို မပြောသင့်ဘူးဆိုတာက Human Taste ပါ။
AI ကို အရာအားလုံး အပ်လိုက်တာနဲ့ ပိုပြီးတော်တဲ့ လူတစ်ယောက်ဖြစ်မလာနိုင်ဘူး။
ဒီလိုလူတွေက တချိန်ချိန်မှာ ကိုယ်တိုင် စဉ်းစားနိုင်စွမ်းတွေ တဖြည်းဖြည်းလျော့လာနိုင်တယ်။
၃) ခေတ်သစ်အခြေချ လူသားများ
ဒါက ကျွန်တော်အတွက် အကြိုက်ဆုံးလမ်းကြောင်းပါပဲ။
AI ကို မငြင်းဘူး။
AI ကို ကိုးကွယ်တာမျိုးလည်း မလုပ်ဘူး။
AI ကို Leverage အဖြစ် အသုံးချတယ်။
အချိန်ကုန်တဲ့အလုပ်တွေကို AI ဆီ ပေးတယ်။
Repetitive Tasks တွေကို Automate လုပ်တယ်။
Research ကို မြန်အောင်လုပ်တယ်။
Execution ကို မြန်အောင်လုပ်တယ်။
ဒါပေမယ့် အရေးကြီးဆုံးအရာတွေကို ကိုယ်တိုင် ထိန်းထားတယ်။
ကိုယ့် Taste။
ကိုယ့် Judgment။
ကိုယ့် Creativity။
ကိုယ့် Experience။
ဒါတွေကို ကိုယ့်ဆီမှာပဲထားတယ်။
ဘာလို့လဲဆိုတော့ AI ခေတ်မှာ ပြိုင်ဆိုင်မှုက ဘယ်သူက AI ကို ပိုသုံးတတ်လဲဆိုတာတင် မဟုတ်တော့ဘူး။
AI ကို အသုံးချပြီးတဲ့နောက် ကိုယ်တိုင် ဘာကို ဆုံးဖြတ်ပြီး ဘာကိုဖန်တီးနိုင်လဲဆိုတာကိုပါ။
AI ခေတ်မှာ တစ်ခုတည်းကိုသိတဲ့လူတွေ နောက်ကျကျန်ခဲ့လိမ့်မယ်။
ပေါင်းစပ်နိုင်သူတွေဟာ AI ရဲ့ ကူညီမှုနဲ့ ရှေ့ကိုရောက်လာပါလိမ့်မယ်။
ဥပမာ Marketing + Psychology + Effective Lifestyle + Business Skill
ဒီလိုမျိုး နယ်ပယ်တွေကို ပေါင်းစပ်လုပ်ကိုင်တတ်တဲ့သူတွေက ဒီခေတ်ရဲ့ အသီးအပွင့်ကိုခံစားရမှာပါပဲ။
နည်းပညာကို လူသားဆန်ဆန် သုံးတတ်ဖို့ လေ့လာသင်ယူ ကျင့်ကြံနေထိုင်ပါ။
ဒီနေ့တော့ ဒီလောက်ပါပဲ။
နောက်ထပ် Free Guide မှာ ပြန်တွေ့ပါမယ်။
နောက်ထပ်ဖွင့်လှစ်မည့် သင်တန်းများကို Visit Store တွင် ၀င်ကြည့်နိုင်ပါသည်