Free Knowledge · Building Online
Coding တစ်လုံးမှမသိဘဲ Website နဲ့ Automation တွေကို စမ်းခဲ့တဲ့အတွေ့အကြုံ
ပြီးခဲ့တဲ့တစ်ပတ်လုံး ကျွန်တော် တစ်နေ့ကို ၁၄ နာရီလောက် Laptop ရှေ့ထိုင်ခဲ့ပါတယ်...
Coding တစ်ကြောင်းမှ မသိတဲ့ ကျွန်တော်တစ်ယောက်တည်း Website တစ်ခုကို အစအဆုံး ပြန်ဆောက်နေခဲ့လို့ပါ။
တိတိကျကျပြောရရင် ကျွန်တော့်ရဲ့ sailusharr.com ဆိုတဲ့ Website ကို အစအဆုံးပြန်ပြင်တာပါ...
Developer တစ်ယောက်အတွက်ဆိုရင်တော့ ဒါက ဘာမှမခဲယဉ်းတဲ့ကိစ္စပါ..
ကျွန်တော်ကတော့ Coding တစ်လုံးမှ မသိတဲ့သူမလို့ ကျွန်တော့်အတွက်တော့ အထူးအဆန်းကိစ္စတစ်ခုပါပဲ...
ဘယ်လိုရေးလဲဆိုတော့ ChatGPT ရယ် Cursor ရယ် Tools ၂ ခုကို သုံးပြီးရေးခဲ့တာပါ..
ကျွန်တော့်အတွက်လည်း လွယ်လွယ်ကူကူပြီးသွားတဲ့ကိစ္စတစ်ခုတော့ မဟုတ်ဘူးဗျ..
ဒီ ၂ ပတ်အတွင်းမှာတင် ကျွန်တော် Website ကို အစအဆုံးပြန်စဆွဲခဲ့ရတာ ၃ ခုမြောက်ကျမှပဲ ကျွန်တော်လိုချင်တဲ့ လမ်းကြောင်းပေါ်ရောက်ပါတော့တယ်..
ဖြစ်ပုံကတော့ ChatGPT ကို ယုံစားမိလို့ပါ..
သူက ကျွန်တော့်ကို Website အစအဆုံး ဆွဲအောင် ကူညီပေးနိုင်တယ်ဆိုတော့ ယုံစားပြီး လုပ်လိုက်ပြီးမှ တကယ်တမ်းလုပ်ကြည့်တဲ့အခါကျတော့ ပြောသလိုမဟုတ်ပါဘူး..
ဒီကောင်က people pleasing အရမ်းလုပ်တဲ့ကောင်..
လုပ်နိုင်လားဆိုရင် "ငါမင်းနဲ့အတူ ဒါကို ၁ နာရီအတွင်းပြီးအောင်လုပ်ပေးနိုင်တယ် မင်းဘာမှမပူနဲ့" တို့ဘာတို့လုပ်တာ..
တကယ်တမ်း လုပ်ကြည့်ရင်တော့ သူတလွဲတွေ စလုပ်ပါတော့တယ်..
ပြင်ခိုင်းရင်လည်း အူကြောင်ကြောင်တွေလုပ်ပေးပြီး သူဆက်မလုပ်တတ်တော့ပါဘူး..
ဒီလိုနဲ့ Cursor ကို ထပ်သုံးမှပဲ ၂ ခုတွဲလုပ်မှ အဆင်ပြေပါတော့တယ်..
ဒီနေရာမှာ ကျွန်တော် ပြောချင်တဲ့ အယူအဆတစ်ခုရှိပါတယ်...
ကျွန်တော်တို့ကို AI က Coding မတတ်တဲ့ ပြဿနာကို တော်တော်လေး ဖြေရှင်းပေးလိုက်နိုင်ပါတယ်..
ဒါပေမယ့် Website ရေးပေးတဲ့ Developer တွေမလိုတော့ဘူးဆိုတာမျိုးတော့ မဟုတ်ပါဘူး..
တကယ်က Coding ရေးတာတင်မဟုတ်ဘဲ ဒီ Project ကြီးကို Architecture စဉ်းစားတာ..
ဖြစ်နိုင်ခြေ Logic တွေကို စဉ်းစားရတာ..
တက်လာတဲ့ Error တစ်ခုကို တခါတလေ ၃ နာရီ ၆ နာရီလောက်ကြာအောင် ဇွဲမလျှော့ဘဲ စဉ်းစားရတာ..
ဆက်ပြောရင် အများကြီးရှိပါသေးတယ်.. ကျွန်တော်က Developer တွေရဲ့အခေါ်အဝေါ်ကို သိပ်မပြောတတ်လို့ ဒီလောက်ပဲပြောတတ်လို့ပါ...
ဒီတော့ Coding မလိုတာနဲ့ဘဲ Developer တွေမလိုတော့ဘူးဆိုတာမျိုးတော့ ပြောလို့မရပါဘူး..
ကျွန်တော်ကိုယ်တိုင်လည်း တစ်နေ့ကို ၁၄ နာရီလောက် Laptop ရှေ့ထိုင်ပြီး ဒီကိစ္စတွေကို ရှင်းခဲ့ရတာမလို့ သူတို့ကို ကျွန်တော် ကောင်းကောင်းကြီး ကိုယ်ချင်းစာတတ်သွားပါတယ်...
တကယ်တော့ Website ကြီးပဲ ဆောက်မယ်ဆိုရင် အင်း.. တိတိကျကျပြောရရင် ကိုယ်ဘာလုပ်တယ်ဆိုတာလောက်ကို စာမျက်နှာတွေလောက်ပဲ ပြရင်တော့ အဲ့လောက် မရှုပ်ဘူး..
ကျွန်တော့်အကျင့်ကလည်း ခက်တယ်...
သင်ခန်းစာတွေမှာ ၁ ကနေ ၆ ထိရှိရင် ကျွန်တော်က ၁ ကနေ ၃ လောက်ကို မသင်ဘဲ ၄ ကနေ ၆ ထိကို တစ်ခါတည်း တန်းသင်ချင်တာ..
ဒီလိုနဲ့ ကျွန်တော်က Website မှာ ကျွန်တော့်ဆီက တစ်ခုခု ဝယ်လို့ရမယ်..
ဝယ်လိုက်ရင် ကျွန်တော့်ရဲ့ Telegram ကို သူငွေလွှဲထားတဲ့ Screenshot ရောက်လာမယ်..
တကယ်လို့ ရောက်လာခဲ့ရင် ကျွန်တော် Approve နှိပ်လိုက်တာနဲ့ သူ့ဆီကို ပြန်ပြီး ကျွန်တော်ရောင်းတဲ့ Product က Mail ပို့ပြီးသားဖြစ်ရမယ်..
အဲ့ဒါအပြင်ကို သူတို့လုပ်ပြီးတာနဲ့ ကျွန်တော်က PDF ပါ Download လုပ်ဖို့ထားပေးချင်တယ်..
ဒီတော့ ကျွန်တော် Automation တွေလိုက်လုပ်ရတယ်..
API တွေနဲ့ ဟိုကဟာကို ဒီကိုခေါ်.. ဒီကဟာကို ဟိုကိုပြန်ခေါ်ချင်နဲ့ ကျွန်တော်ခေါင်းစားရပါတော့တယ်..
အဲ့လိုမျိုး ပန်းထိမ်တောင်မတတ်ဘဲ ရွှေခိုးသင်ချင်တဲ့ ကျွန်တော် တစ်ပတ်လုံး ခေါင်းမဖော်နိုင်ဖြစ်သွားတာ တကယ်က နည်းတောင်နည်းသေးတယ် ဆိုရမှာပါ..
ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်လိုချင်တဲ့ပုံစံအတိုင်း ထွက်လာခဲ့ပါတယ်...
တကယ်လို့ ကျွန်တော်လုပ်ထားတာ စမ်းကြည့်ချင်တယ်ဆိုရင်တောင် ဒီ Link မှာ သွားကြည့်လို့ရပါတယ်..
ဒီစာအဆုံးမှာတော့ ပညာပေးစရာ ဘာညာတော့ ထည့်မနေတော့ပါဘူး..
ဘာလို့လဲဆိုတော့ ကျွန်တော့်အနေနဲ့ ဒါကြီးကို သူများကို ပြန်သင်ပေးပါဆိုရင်တောင် အဲ့လောက်လည်း ကျွမ်းမနေပြန်ပါဘူး..
ဒီတော့ ကျွန်တော်လုပ်ခဲ့တဲ့ အတွေ့အကြုံကို ပြန်ပြောပြလိုက်တယ်..
ဘာပဲပြောပြော ဒါမျိုးလုပ်လို့ရတယ်လောက်တော့ သိရတာပေါ့ဗျာ...