Free Knowledge · Career
စာဖတ်တာက Career ကို ဘယ်လိုပြောင်းလဲပေးလဲ
ကျွန်တော့်ရဲ့ နောက်ဆုံးဝန်ထမ်းဘဝက flymya.com ပါ။
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ အဲ့ဒီအလုပ်ကနေ ထွက်ခဲ့ပါတယ်။
အဲ့ဒီနေ့ကစပြီး
ဒီနေ့အထိ ဝန်ထမ်းအလုပ် ပြန်မလုပ်ဖြစ်တော့ပါဘူး။
ဒါပေမယ့် အဲ့ဒီအချိန်တုန်းက
“ဒီနေ့ကစပြီး သူများဆီမှာ ဝန်ထမ်းအဖြစ် ဘယ်တော့မှ ပြန်မလုပ်တော့ဘူး”
ဆိုပြီး သေချာဆုံးဖြတ်ထားခဲ့တာတော့ မဟုတ်ပါဘူး။
တကယ်တော့ ငယ်ငယ်ကတည်းက ကိုယ်ပိုင်အလုပ်တွေ ခဏခဏ စမ်းခဲ့ဖူးပါတယ်။
မအောင်မြင်ဘူး။
ပိုက်ဆံလိုလာတယ်။
သူများအလုပ် ပြန်လုပ်တယ်။
အရင်းအနှီးလေး ရလာတယ်။
ကိုယ်ပိုင်အလုပ် ပြန်စမ်းတယ်။
မအောင်မြင်ပြန်ဘူး။
ပြီးတော့ သူများအလုပ် ပြန်လုပ်တယ်။
ဒီ Cycle ထဲမှာပဲ ၂၀၁၈ မတိုင်ခင်အထိ လည်နေခဲ့တာပါ။
ဒါပေမယ့် ငယ်ငယ်ကတည်းက ကျွန်တော် လုပ်ခဲ့မိတဲ့အရာတစ်ခုကတော့ နောက်ပိုင်း Career တစ်ခုလုံးအတွက် အရမ်းအကျိုးရှိခဲ့ပါတယ်။
အဲ့ဒါက စာဖတ်တာပါ။
မအားတဲ့ကြားက ကျွန်တော်ဘယ်လို စာဖတ်သလဲ
flymya မှာ အလုပ်လုပ်တုန်းက ကျွန်တော့်မှာ အကျင့်တစ်ခုရှိပါတယ်။
မနက်ဆိုရင် Ferry ပေါ်ကို ၇:၃၀ လောက်ဆိုရင်ရောက်နေပါပြီ။
အလုပ်သွားတဲ့လမ်းမှာ
စာဖတ်ပါတယ်။
တစ်နေ့ကို မနက်ပိုင်းမှာ တစ်နာရီနီးပါးလောက် အချိန်ရတယ်။
ဒီလိုနဲ့ စာဖတ်တဲ့အချိန်က ကျွန်တော့်နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။
အဲ့ဒီအချိန်တုန်းကတော့
“ဒီစာတွေက နောက်ပိုင်း ငါ့ Career အတွက် ဘယ်လောက်အသုံးဝင်မလဲ”
ဆိုတာ မသိခဲ့ပါဘူး။
တကယ်တော့
ဒီနေ့ စာအုပ်တစ်အုပ်ဖတ်လိုက်ရုံနဲ့
မနက်ဖြန်မှာ ဒိတ်ဒိတ်ကြဲ Marketer ဖြစ်သွားတာမျိုး မရှိပါဘူး။
စာအုပ်တစ်အုပ် ဖတ်လိုက်ပြီး
နောက်တစ်ပတ်မှာ Business အောင်မြင်သွားတာလည်း ရှိချင်မှရှိမှာပါ။
ဒါပေမယ့်
Idea တွေက ခေါင်းထဲမှာ ကျန်ခဲ့မယ်။
အခုချက်ချင်း အသုံးမချဖြစ်သေးရင်တောင်
ဦးနှောက်ထဲမှာ ရှိသွားပါလိမ့်မယ်။
Concept တွေကိုမြင်လာမယ်။
နောက်ပိုင်း ကိုယ်တိုင် Problem တစ်ခု ကြုံလာတဲ့အခါ
အဲ့ဒီ Idea တွေနဲ့ ကိုယ်ကြုံနေရတဲ့ Problem က တစ်နေရာမှာ ပြန်ဆက်သွားပါလိမ့်မယ်။
အဲ့ဒီလိုနဲ့
စာဖတ်တာက Knowledge စုတာထက် Thinking Pattern တစ်ခု တည်ဆောက်ပေးခဲ့တာ ပိုများပါတယ်။
ဒါက Career တည်ဆောက်တဲ့အခါ အရေးကြီးပါတယ်။
ကျွန်တော်တို့က Result ကို အရမ်းမြန်မြန် လိုချင်ကြတယ်။
ဒါက Career တည်ဆောက်တဲ့အခါ အန္တရာယ်ရှိပါတယ်။
ဒီနေ့ တစ်ခုခုလုပ်တယ်။
မနက်ဖြန် Result မရရင်
“ဒါက အလုပ်မဖြစ်ဘူး”
လို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် Knowledge က အဲ့လိုအလုပ်မလုပ်ပါဘူး။
စာတစ်အုပ်ဖတ်တာက
ဒီနေ့မှာ Result ပေးချင်မှပေးနိုင်မယ်။
ဒါပေမယ့် ၃ နှစ်ကြာပြီးတဲ့အခါ
Meeting တစ်ခုမှာ ပြောလိုက်တဲ့ စကားတစ်ခွန်း ဖြစ်လာနိုင်တယ်။ အဲ့ဒီ Meeting မှာ Pitch အောင်သွားတာက ဒေါ်လာ ၁ သောင်းတန် ဖြစ်နိုင်သလို ၁ သိန်းတန်လည်းဖြစ်သွားနိုင်တာပါပဲ။
ဒါမှမဟုတ်ရင် ကိုယ်ကိုင်နေရတဲ့ Brand ရဲ့ Strategy အကြီးစားတစ်ခု ဖြစ်လာနိုင်တယ်။
Business Decision တစ်ခုကို ပြောင်းလဲပေးနိုင်တဲ့ အယူအဆလည်းဖြစ်နိုင်တယ်။
ဒါမှမဟုတ်
ကိုယ်တိုင် မမြင်နိုင်ခဲ့တဲ့ အခွင့်အရေးတစ်ခုကို မြင်လာအောင် လုပ်ပေးနိုင်တယ်။
အဲ့ဒါကြောင့် Knowledge ကနေ ရတဲ့အမြတ်က
ငွေကို ရင်းနှီးမြှုပ်နှံထားသလိုပါပဲ။
ဒီနေ့ ရင်းထားလိုက်တယ်။
ဒါပေမယ့် အမြတ်က တချိန်ချိန်မှာပြန်ရလိမ့်မယ်။
တစ်လကြာမှ ဖြစ်နိုင်တယ်။
သုံးနှစ်ကြာမှ ဖြစ်နိုင်တယ်။
ငါးနှစ်ကြာမှ ဖြစ်နိုင်တယ်။
စာအုပ်ကို Recap ပဲဖတ်လို့ မရဘူးလား?
ဒီနေ့ခေတ်မှာ စာအုပ်တွေကို Recap လုပ်ပေးတဲ့ Content တွေ အများကြီးရှိလာပါတယ်။
အဲ့ဒါတွေက အချိန်သက်သာဖို့အတွက် အသုံးဝင်ပါတယ်။
ကျွန်တော်လည်း Recap တွေ ဖတ်ပါတယ်။
ဒါပေမယ့်
တကယ်ကောင်းတဲ့ စာအုပ်တစ်အုပ်ဆိုရင် အစအဆုံး ဖတ်သင့်ပါတယ်။
ဘာကြောင့်လဲ?
Knowledge ရဖို့ စာဖတ်တာက
မြန်မြန်ပြီးသွားဖို့ အရေးမကြီးပါဘူး။
ကိုယ့်အခြေအနေနဲ့ ချိတ်ပြီး တွေးရတယ်။
“ငါသာ ဒီအယူအဆကို ငါ့အလုပ်မှာ ထည့်သုံးလိုက်ရင် ဘာဖြစ်မလဲ?”
လို့ စဉ်းစားရတယ်။
ကိုယ်တွေ့နဲ့ နှိုင်းယှဉ်ရတယ်။
ကိုယ်နဲ့ကိုက်ညီလား မကိုက်ညီလား စဉ်းစားရတယ်။
ဖတ်လိုက်၊ တွေးလိုက်၊ ပြန်သုံးသပ်လိုက်။
အဲ့ဒီ Process က အရမ်း အရေးကြီးတယ်။
Recap တစ်ခုတည်းကို ဖတ်လိုက်ရင်
အဲ့ဒီ Thinking Process တော်တော်များများ ပျောက်သွားပါတယ်။
ဒါကြောင့် ကျွန်တော်က
အချိန်ကုန်သက်သာအောင် Recap ကို အရင်ကြည့်တယ်။
အဲ့ဒီထဲမှာ ကိုယ်တကယ်စိတ်ဝင်စားတဲ့ စာအုပ်တွေ၊
အချိန်ပေးရတာ တန်မယ့်စာအုပ်တွေကို တွေ့ရင်
အဲ့ဒီစာအုပ်ကို အဆုံးထိ ရှာဖတ်ပါတယ်။
၂၀၁၉ မှာ အလုပ်ထွက်တဲ့အချိန်မှာ ကျွန်တော့်မှာ အရာအားလုံး အဆင်သင့်ဖြစ်နေခဲ့တာ မဟုတ်ပါဘူး။
ဒါပေမယ့် အဲ့ဒီနှစ်တွေတစ်လျှောက်
လေ့လာတာကိုတော့ မရပ်ခဲ့ဘူး။
စာဖတ်တာကိုတော့ မရပ်ခဲ့ဘူး။
အဲ့ဒါက နောက်ပိုင်းမှာ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်တွေ၊ ဆုံးဖြတ်ချက်တွေ၊ Strategy တွေမှာ တဖြည်းဖြည်း ပြန်ပေါ်လာပါတယ်။
Career တိုးတက်ချင်ရင် ဘာလုပ်ရမလဲ?
ကျွန်တော် အမြဲပြောဖြစ်တဲ့ အကြံတစ်ခုရှိပါတယ်။
နေ့တိုင်း မိနစ် ၂၀ ကနေ တစ်နာရီလောက် စာဖတ်ပါ။
အချိန်ရတဲ့နေရာမှာ ဖတ်ပါ။
အလုပ်မသွားခင် ဖတ်လို့ရတယ်။
ထမင်းစားပြီးချိန် ဖတ်လို့ရတယ်။
Ferry ပေါ်မှာ ဖတ်လို့ရတယ်။
အချိန်ပေးချင်ရင်
၂၄ နာရီထဲက မိနစ် ၂၀ ဆိုတာ ရှာလို့ရပါတယ်။
ဘယ်လိုမှအချိန်ရှာမရဘူးဆိုရင် ကိုယ့်ဖုန်းရဲ့ Screen Time မှာ Social Media သုံးတဲ့အချိန်ကိုပြန်ကြည့်လိုက်ပါ။ အဲ့ဒီထဲကနေ မိနစ် ၂၀ နှုတ်ပြီး စာဖတ်ဖို့အချိန်ဖယ်လိုက်ပါ။
ပြီးတော့
ချက်ချင်း Result မရလို့ စိတ်မပျက်ပါနဲ့။
ဘာလို့လဲဆိုတော့
ဒီနေ့ဖတ်တဲ့ စာတစ်မျက်နှာက
မနက်ဖြန်မှာ အသုံး၀င်ချင်မှ၀င်မယ်။
ဒါပေမယ့်
၅ နှစ်အကြာမှာ ကိုယ်ဘယ်လိုတွေးတတ်တဲ့လူ ဖြစ်လာမလဲဆိုတာကိုတော့ ပြောင်းလဲပေးနိုင်ပါတယ်။
တချို့အရာတွေက
အခုအတွက် အလုပ်လုပ်နေတာ မဟုတ်ပါဘူး။
အနာဂတ်က ကိုယ့်အတွက် အလုပ်လုပ်နေတာပါ။
ဒီနေ့တော့ ဒီလောက်ပါပဲ။
နောက် Free Guide မှာ ပြန်တွေ့ကြမယ်။