မားကတ်တင်းတွေ ဘယ်ကိုရွေ့မလဲ

(နိဒါန်း)

Marketing Style တွေဟာ တစ်နှစ်ထက်တစ်နှစ်ပြောင်းလဲလာတယ်ဆိုတာ ကျွန်တော်တို့ လုပ်ငန်းရှင်တွေရော 

Marketer တွေရော သတိထားမိကြမှာပါ … အခု (၂၀၂၄) ရဲ့ နှစ်၀က်အကျော်မှာတင်ပဲ ကျွန်တော်တို့လုပ်ငန်းတွေရဲ့ Social Media အရွေ့တွေကို သတိထားမိကြမှာပေါ့။

ရောင်းအားကိုအလျင်အမြန်ရစေမယ့် Facebook Ads လို ကိရိယာမျိုးတွေကိုသုံးပြီး ကျင်လည်ခဲ့ရတဲ့နေ့တွေဟာ မှောင်ရီပျိုးစပြုလာတယ်လို့ပဲဆိုရမှာဖြစ်ပါတယ် … အကြောင်းကတော့ ကိုယ်ထည့်လိုက်တဲ့ Ads Cost ဟာ ပြန်ရမယ့်အမြတ်နဲ့ ချိန်ကြည့်တဲ့အခါ လုပ်ငန်းတိုင်းအတွက် မြတ်တဲ့အနေအထားတစ်ခုကို မရောက်နိုင်တော့လို့ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လုံး၀ရပ်တန့်လို့မရတဲ့အနေအထားတစ်ခုမှာ လူစွမ်းကောင်းအသစ်ပေါ်လာတတ်တာကတော့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ သိုင်းကားတွေလိုပါပဲ … ဒါကြောင့် ကျွန်တော်တို့ရဲ့ မားကတ်တင်းလောကမှာလည်း “မားကတ်တင်းတွေ ဘယ်ကိုရွေ့မလဲ” ဆိုတဲ့ မေးခွန်းကို လုပ်ငန်းရှင်တိုင်း မာကတ်တာတွေတိုင်း မေးနေကြဦးမယ် မဟုတ်ပေလား။

၀ယ်သူများသည် အချဥ်မဟုတ်တော့

ကျွန်တော်ရုံးမှာပြောနေကြ စကားတစ်ခွန်းရှိတယ် … “၀ယ်သူတွေက ငါတို့ထက်ပိုသိတယ်” ဆိုတာပါပဲ … တခါတလေ ကျွန်တော်တို့မသိတဲ့ ကျွန်တော်တို့ကိုင်နေတဲ့ Product တစ်ခုရဲ့ ပြိုင်ဘက် Brand တွေကိုတောင် သူတို့ကသိနေကြတဲ့ခေတ်ရောက်နေပါပြီ … ဒီ Product ကို ဘယ်နိုင်ငံကနေမှာလိုက်ရင် ပိုသက်သာတယ် … ပိုပြီးတော့တောင် အရည်အသွေးပိုကောင်းသေးတယ် စသဖြင့် ၀ယ်သူတွေမှာ Data အစုံအလင်ရှိကြပါတယ် … ဒါကြောင့် ကျွန်တော်တို့ရဲ့ မားကတ်တင်းပလန်တွေ … လုပ်ငန်းစဥ်တွေ … ကြော်ငြာတွေမှာ “ရိုးရိုးသားသား” ကြော်ငြာဖို့လိုအပ်လာပါတယ်။

နိုင်ငံခြားမှာဆိုရင်တော့ 83% သော ၀ယ်သူတွေဟာ သူတို့သုံးစွဲနေတဲ့ Brand ရဲ့ ရပ်တည်ချက်တွေ … သဘာ၀ပတ်၀န်းကျင်အပေါ်အမြင်တွေ … လူမှုရေးဆိုင်ရာ အမြင်တွေကိုမကြိုက်တဲ့အခါ ချက်ချင်း တခြား Brand တစ်ခုကိုပြောင်းလဲသုံးစွဲကြပါသတဲ့ … ကျွန်တော်တို့ဆီမှာ အဲ့လောက်တော့ အယူအဆပြင်းထန်သူ မများပေမယ့် တချိန်မှာရောက်လာမယ့် ၀ယ်ယူသူယဥ်ကျေးမှုဆိုတာကတော့ ငြင်းချင်စရာရှိမယ်မထင်ပါဘူး။

ဒါကြောင့် မာကတ်တာတွေ ရိုးသားပါ …

Brand တွေဟာ ကိုယ့်အကြောင်း နေ့စဥ်ပြောရတော့မယ်

ကျွန်တော်တို့မနက်တိုင်းနိုးလာတဲ့အခါ လက်ထဲမှာ ပထမဆုံးကိုင်မိတဲ့အရာဟာ ဘာလဲ …

လူ (၁၀၀) မှာ (၉၅) ယောက်လောက်ရဲ့အဖြေကတော့ လက်ကိုင်ဖုန်းပါ …

ဒါဆိုရင် ကျွန်တော်တို့ Brand အကြောင်းကို သူတို့သိအောင် ဘယ်ကပြောမလဲ … အဖြေဟာရှင်းနေတာပါပဲ …

ဒီနေရာမှာ သိထားသင့်တဲ့အချက်တွေရှိလာပြန်တယ် …

နံပါတ် (၁) ကတော့ Speed

TikTok လို Platform ဟာ သူ့ဆီမှာနေ့စဥ် Content တင်တာကိုအားပေးသတဲ့ … ဒါကြောင့် ကျွန်တော်တို့အနေနဲ့လုပ်စရာက (၂) မျိုးရှိတယ် … တစ်ခုကတော့ နောက်လတင်မယ့် Content တွေကို တစ်လစာ အခုလထဲကကြိုရိုက်ဖို့ပါ … ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အင်မတန်မှ မြန်တဲ့ Video Editing Skill ကို ပိုင်ဆိုင်ထားဖို့ပါပဲ … မဟုတ်ရင်တော့ ၀ယ်သူတွေမှတ်မိနေမယ့် Brand ထဲ ကိုယ်ပါမှာမဟုတ်တော့ပါဘူး။

နံပါတ် (၂) ကတော့ Quantity First

ကျွန်တော်တို့က အစဥ်အဆက် TVC ကနေ SVC ရိုက်လာတော့ အရှည်ကြီးတွေပြောချင်တယ် … အကောင်းကြီးတွေ ရိုက်ချင်တယ် … ဒါတွေကလည်း လိုအပ်တဲ့နေရာမှာ သူ့ရဲ့နည်းဗျူဟာအလိုက် ရှိနေရဦးမှာပါ … ဒါပေမယ့် ဒီ Objective မှာကတော့ ကျွန်တော်တို့က ကိုယ့်ကိုလူများများမြင်အောင် သွားချင်တာဖြစ်တဲ့အတွက် အရှည်ကြီးတွေနဲ့ အကောင်းကြီးတွေကို ခဏတာမေ့ထားလိုက်ရအောင်ပါ … စုတ်ပြတ်သတ်နေတဲ့ ကွာလတီမျိုးကိုအားပေးတာမဟုတ်ဘူးနော် … လက်ခံလို့ရတဲ့ ကွာလတီမှာ Content ကို လွှတ်တတ်ဖို့ပါ။

AI ကို မသိရင် ကျန်ခဲ့မယ်

Book Nook ဆိုတဲ့ Brand တစ်ခုရှိတယ် … သူ့ရဲ့၀ယ်သူတွေမှာချင်တဲ့စာအုပ်တွေကိုလာမေးတဲ့အခါ သူတို့ Team က လူမလောက်တဲ့အတွက် အချိန်မှီမဖြေနိုင်တော့ဘူး … နောက်ဆုံးတော့ သူတို့အနေနဲ့ AI Chat Bot ကို သုံးပြီး ဖြေရှင်းလိုက်တဲ့အခါ အလုပ်အများကြီး မြန်မြန်ပြီးသွားတယ်။

Flair AI ကို သုံးပြီး Product Photo တွေကို Background လှလှလေးတွေထည့်လို့ရလာတယ် … Chat GPT ကို သုံးပြီး Content Idea တွေ ကူစဥ်းစားခိုင်းလို့ရလာတယ် … အပြည့်အ၀တော့ ယုံလို့မရသေးဘူးနော် … ဒါပေမယ့် အကူအညီတစ်ခုအနေနဲ့တော့ မဆိုးလှဘူး … Salesforce Einstein လိုဟာမျိုးကိုသုံးပြီး ရောင်းအားမြင့်တဲ့အပိုင်းကို အသုံးချကြတယ်။

တကယ်တမ်းပြောရရင် အခုချိန်မှာ AI ဟာ 100% အားကိုးလိုက်ဖို့ဆိုတာ အရမ်းစောပါသေးတယ် … ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အခုချိန်ထဲက AI Friendly ဖြစ်ထားကာမှ နောင်တချိန်မှာ အဆင်သင့်ဖြစ်မယ်။

နိဂုံး

အချုပ်ဆိုရရင် မားကတ်တင်းဆိုတာ ရေစီးသန်တဲ့ချောင်းတစ်ခုမှာ လှော်ခတ်ရတဲ့ လှေတစ်စင်းလိုပါပဲ … ဘယ်ကွေ့မှာ ဘယ်တက်နဲ့လှော်သွားမလဲဆိုတာက အဖြေပါပဲ … အခုမှ စလှော်တဲ့သူကလည်း အရှေ့ရောက်သွားနိုင်သလို အတွေ့အကြုံရှိပြီးသားသူကလည်း ခေါင်းမာတဲ့အခါ လှေမှောက်သွားနိုင်ပါတယ်။

ရိုးသားခြင်း … ခေတ်ကိုမျက်ခြေမပြတ်ခြင်း … ကိုယ့်ကိုအမြဲမှတ်မိအောင် နေတတ်ခြင်း အစရှိသဖြင့် လှော်နည်းတွေနဲ့ လှော်ခတ်သွားတတ်ဖို့လိုအပ်တယ်ဆိုတာကို ဒီဆောင်းပါးနဲ့အတူ ၀ေမျှလိုက်ရပါတယ်။

Sai Lu Sharr

Leave a Reply

Your email address will not be published.

Call Now Button
×